Local News

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲကျင်းပ

Last Updated:

         

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ တွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်း အနားကို ၂၄-၈-၂၀၂၂ ရက်နေ့(၀၉:၀၀)အချိန်တွင် နေပြည်တော်ရှိ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရုံးအမှတ်(၃)၊ စုပေါင်းအစည်းအဝေးခန်းမတွင်ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်၍ သင်တန်းဖွင့်အမှာ စကား ပြောကြားသည်။

   ပြည်ထောင်စုဝန်ကြီးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီးအနေဖြင့် ကုန်သွယ်မှု တိုးမြှင့်ရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်စေရေးကို ကြိုးစားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝန်ထမ်းအားလုံး ဘာသာရပ်နှင့် နည်းပညာဆိုင်ရာများကို တတ်သိနားလည်ကျွမ်းကျင်စွာဖြင့် တာဝန်ထမ်းဆောင်နိုင်ရန် လိုအပ်သဖြင့် သင်တန်းကို ကြိုးစားသင်ယူရန် အလေးအနက်မှာကြားလိုကြောင်း၊  နည်းပြများကလည်း မိမိတို့အထူးလေ့လာထား၍ ပြည့်ပြည့်စုံစုံ သင်ကြားပေးစေလိုကြောင်း၊ ဝန်ထမ်းများသည် ဝန်ကြီးဌာန၏ဂုဏ်ကို ဆက်လက်မြှင့်တင်နိုင်ရန် တာဝန်ရှိသည့်အတွက် အလေးထား၍ သင်ယူလေ့လာစေလိုကြောင်း၊ မိမိဌာနဌာနတွင်းသင်တန်းများသာမက ပြင်ပသင်တန်းများတွင်လည်း သင်တန်းသားများ၏ အရည်အချင်းများကို အကဲဖြတ်၍ မှတ်တမ်းတင်ထားစေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကုန်သွယ်မှု မြှင့်တင်ရေးလုပ်ငန်းရပ်များ ဆောင်ရွက်ရာတွင် ဝန်ထမ်းတစ်ဦးချင်းစီ၏ စိတ်ဓာတ်စွမ်းရည်ပြည့်ဝစွာဖြင့် တာဝန်ထမ်းဆောင် နိုင်ရန် စွဲမြဲစွာဖြင့် ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါ သည်။

     သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်း အတွင်းဝန် ဦးမင်းမင်း၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် နေပြည်တော်နှင့် ပြည်နယ်/ တိုင်းဒေသကြီးများမှ သင်တန်းသား/ သူစုစုပေါင်း(၃၆)ဦး တက်ရောက်ကြပါသည်။ အဆိုပါသင်တန်းကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့မှ စက်တင်ဘာလ ၆ ရက်နေ့ အထိ ရက်သတ္တပတ်(၂)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။

 

Category: Local News